ထားဝယ် ပြည်သူ့ ဆေးရုံကြီးတွင် ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး မူးယစ်ရမ်းကားခဲ့ပြီး လူနာများအား အောက်ကြမ်းခင်းတွင်ထား

0 232

ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး အရေးပေါ်လူနာ လာပို့သည်ကို ညအချိန်မတော် ရမ်းကားခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီ သယ်ဆောင်ရေး အဖွဲ့နှင့် ခွဲစိတ်
ဆောင်ရှိ လူနာစောင့်အချို့ထံမှ သိရသည်။

ခွဲစိတ်အထူးကု ဆရာဝန်ကြီးက မတ်လ ၇ ရက် ည ၁၂ နာရီခန့်တွင် လူနာ လာပို့သည့် ဇမ္ဗူသီရိ အရေးပေါ် လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ဝင် အားလုံး ယူနီဖောင်း မဝတ်သည့်အပေါ် အရေးပေါ် ကားအနီး
တွင် တရားခံကဲ့သို့ ရပ်ခိုင်းပြီး ဓာတ်ပုံ ရိုက်ခိုင်းကြောင်း ဇမ္ဗူသီရိ အဖွဲ့မှ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ဆိုသည်။

ယင်းအပြင် ဆရာဝန်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် မညီဘဲ မိုက်ရိုင်းစွာ ပြောဆို ဆက်ဆံနေမှုများရှိကြောင်း ဦးနိုင်မျိုးသွင်က ပြောသည်။

ပြီးခဲ့သည့် ၂ လခန့်ကလည်း လူနာ လာပို့သည့် တောင်သုံးလုံးရွာ အခြေစိုက် အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ကိုလည်း အရေးပေါ် ဌာနမှတစ်ဆင့် သက်ဆိုင်ရာ ဆေးကုသဆောင်ကို ကူညီ ပို့ဆောင်ပေးစဉ် အထက်ပါ ဆရာဝန်ကြီးက မောက်မာရိုင်းစိုင်းစွာ ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဖြစ်စဉ်နှစ်ခုစလုံးမှာ သူ့ပါးစပ်က အရက်နံ့ ရနေတယ်၊ သူ့သွင်ပြင်
ကလည်း ပုံမှန် မဟုတ်ဘူး။ ဆွဲလားရမ်းလား လုပ်သေးတာ”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

ခွဲစိတ်အထူးကု ဆရာဝန်ကြီးကမူ ခင်မင်နေသည့်အတွက် သူငယ်ချင်း
ကဲ့သို့ ယင်းကဲ့သို့ ပြောဆိုခြင်းသာဖြစ်ကြောင်း တုံ့ပြန် ပြောဆိုသည်။

“တရားခံလို ရပ်ခိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ သူငယ်ချင်း ပုံစံလို ဖြစ်နေလို့ပါ”ဟု ရမ်းကားသည်ဟု စွပ်စွဲခံထားရသူ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစန်းယုက ပြောသည်။

ယင်းအပြင် မတ်လ ၇ ရက် ည ၁၂ နာရီခန့်ကလည်း ခွဲစိတ် အဆောင်ရှိ လူနာအစောင့် အားလုံးကို အပြင်ထွက်ခိုင်းကာ တံခါးကို ၁ နာရီနီးပါး ကြာသည်အထိ သော့ခတ်ထားကြောင်း လူနာစောင့်အချို့က ပြောဆိုသည်။

“သူ့ပုံစံက မူးနေတဲ့ပုံနဲ့ လာကတည်းက နီးတဲ့လူကို ပတ်ရမ်းနေတာ၊ ခွေးတွေလို နှင်ထုတ်ခံရတယ်”ဟု ဖခင်ဖြစ်သူ နာမကျန်းဖြစ်သည့်
အတွက် လာစောင့်ပေးနေသူ ပကာရီရွာမှ ကိုနိုင်နိုင်အောင်က ပြောကြားသည်။

တာဝန်ချိန်တွင် အရက်သောက်ခြင်း မရှိသကဲ့သို့ ခွဲစိတ်ဆောင် သော့ခတ်သည့်ကိစ္စမှာလည်း အမျိုးသား လူနာများကို ကြည့်ရန်
အတွက် မလိုအပ်သူများ အပြင် ထွက်ခိုင်းရန် ပြောဆိုခြင်းသာ
ဖြစ်ကြောင်း၊ ဆေးရုံ အလုပ်သမားက နားလည်မှုလွဲကာ လူနာစောင့် အားလုံးကို အပြင် ထွက်ခိုင်းပြီး သော့ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း ဒေါက်တာ စန်းယုက ဆိုသည်။

ယင်းကိစ္စများအား ဆေးရုံအုပ်ကို တာဝန်ယူ စစ်ဆေးခိုင်းထားပြီး အစီရင်ခံစာ တက်မလာသေးကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်နှင့် လူမှုရေးဝန်ကြီးက ပြောသည်။

“စစ်ပြီးတွေ့ရှိချက်ကို အကြံပြု သုံးသပ်တင်ပြပေးဖို့ ပြောထားတယ်”ဟု တိုင်းဒေသကြီး စည်ပင်/လူမှုဝန်ကြီး ဦးဟိုပင်က ဆိုသည်။

ခွဲစိတ်ဆရာဝန်ကြီး၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ Facebook စာမျက်နှာပေါ်တွင် ဝေဖန်မှု မြင့်တက်လျက်ရှိသည်။

အဆိုပါ ဆရာဝန်ကြီးမှာ ပြီးခဲ့သည့်နှစ်က ထားဝယ်မြို့ ဥတ္တံတားကြီး လမ်းဆုံအနီးတွင် ရပ်နေသည့် နိုင်ငံခြားသားများကို ကားဖြင့်ဝင်တိုက်
မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

Source The Voice

ဆက်လက်ကြည့်ရှုရန်များ

Reply ရေးရန်

သင်၏ email လုံခြုံမှုအတွက် စိတ်ချနိုင်ပါသည်။