မြန်မာ့သတင်း

ဆိုင်ဝန်ထမ်းတစ်ဦးအား သံကြိုးဖြင့် ချုပ်နှောင်သည်ဟုဆိုကာ KTV ဆိုင်ပိုင်ရှင်ကို အမှုဖွင့်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ ရန်ကုန် – ပြည် ကားလမ်းဘေးရှိ Hollywood KTV စားသောက်ဆိုင်မှ အလုပ်သမ တစ်ဦးကို သံကြိုးဖြင့် ချုပ်နှောင်ထားရှိခဲ့သည်ဟုဆိုကာ ပိုင်ရှင်ဖြစ်သူအား ဒီဇင်ဘာလ ၃၁ ရက်နေ့က အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့သည်ဟု အေးမြသာယာနယ်မြေ ရဲစခန်းမှ သိရသည်။ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရေအုတ်ကန် ကျုးကျော်ရပ်ကွက်၊ ဦးချိန်လမ်းနေ ဦး သန်းဇော်ဦးက ၎င်း၏သမီးဖြစ်သူ မ——–(အသက် ၁၈နှစ် )သည် အလုပ်လုပ်ချင်သည်ဟုဆိုကာ ညီမဖြစ်သူမှတဆင့် မထက်ထက် ( အသက်၊ အဖ အမည်၊ နေရပ် စုံစမ်းဆဲ ) ဆိုသူနှင့် တွေ့ဆုံခဲ့ သည်။ ၎င်းမှတဆင့် အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စုရှိ ဟောလိဝုဒ် KTV စားသောက်ဆိုင်တွင် အပ်နှံခဲ့သည်။ ဆိုင်ပိုင်ရှင်မှ ကြိုတင်ငွေ ၅၀၀၀၀ ကျပ် ထုတ်ပေးပြီး ၃ လ လုပ်ကိုင်ရမည်ဖြစ်ကြောင်းနှင့် ၃ လ မပြည့်ဘဲ အလုပ်ထွက်ပါက ငွေ ၂၂၀၀၀၀ ကျပ် ပေးလျော်ရန် ကတိဖြင့် မ——-က အလုပ်လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ၁၉ရက်အကြာတွင် ဆိုင်မှထွက်ပြေးသဖြင့် ဟောလိဝုဒ် KTV စားသောက်ဆိုင်ပိုင်ရှင် ဖြစ်သူ ဦးထိန်လင်းအောင်နှင့် ဆိုင်ဝန်ထမ်းဖြစ်သူ ထွန်းထွန်းတို့က မ——-အား ဆိုင်အတွင်း အခန်းထဲတွင် သံကြိုးဖြင့် ချုပ်နှောင်ထားရှိခဲ့သည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ၎င်းအားချုပ်နှောင်ထားသော သံကြိုးကို အုတ်ခဲဖြင့် ထု ဖြတ်၍ ထွက်ပြေးခဲ့ရသည်ဟု ပြန်လည်သိရှိရသဖြင့် သမီးဖြစ်သူ မ——-အား စားပွဲထိုး အလုပ်လုပ်ရမည် ဟု လိမ်လည်ပြောဆို ခေါ်ဆောင်သွားခဲ့သူ မထက်ထက်အပါအ၀င် မတရားချုပ်နှောင်ထားခဲ့သူ ဦးထိန်လင်းအောင်နှင့် ထွန်းထွန်းတို့အား ဥပဒေအရ အရေးယူပေးပါရန် ဖခင်ဖြစ်သူ ဦးသန်းဇော်ဦးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆နာရီခန့်က တိုင်စာနှင့် ပေးပို့တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အေးမြသာယာနယ်မြေရဲစခန်းက (ပ) ၃၀၇/၂၀၁၆ ၊ရာဇသတ်ကြီးပုဒ်မ ၃၄၂ /၁၁၄ ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်နေသည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့ညပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစောသူရအောင်နှင့် မြို့နယ်မှ တာဝန်ရှိသူများက အဆိုပါ ဆိုင်သို့သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်၏အနောက်ဘက် အခန်းများတွင် ပုန်းအောင်းနေသည့် မအိအိပါ မိန်းကလေး (၁၂)ဦးအား တွေ့ရှိခဲ့ရပြီး မေးမြန်းရာ အဆိုပါဆိုင်တွင် လပိုင်းမှ နှစ်ပိုင်းအထိ အသီးသီးအလုပ်လုပ်ကိုင်နေရသည်ဟု ပြောဆိုပြီး လစာအ ဖြစ် (၂၀၀၀၀)ကျပ် ရရှိသည်ဟု သိရသည်။ထိုအမျိုးသမီးများသည် ဆိုင်သို့လာရောက်စားသောက်သည့် စားသုံးသူအရေအတွက်ပေါ်မူတည်ကာ ကာရာအို ကေအခန်းအတွင်းသို့ ၀င်ရောက်၍ အရက်/ဘီယာများမှာပေးရခြင်း၊ အရက်ငှဲ့ပေးရခြင်းစသည့် အလုပ်များအား အချိန်သတ်မှတ်ချက်မရှိ နေ့/ည၀န်ဆောင်မှုပေးနေရပြီး ၀န်ဆောင်ခအဖြစ် တစ်ဦးကို တစ်နာရီလျှင် ၁၅၀၀ ကျပ် ရရှိသည်ဟု သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်စွဲဖြင့် ဒေသန္တရအမိန့်အမှတ် (၃/၂၀၁၆) ကို ထုတ်ပြန်ထားပြီးဖြစ်သည်ဟု သိရသည်။ ထိုအမိန့်ညွှန်ကြားချက်တွင် မည်သူမဆို စားသောက် ဆိုင်နှင့် ကာရာအိုကေဆိုင်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီစွာ အမျိုးသမီးများထား၍အစားအသောက် ကျွေးမွေးစေခြင်း၊ ပြုစုပျော်ပါးစေခြင်းများ မပြုလုပ်ရန် ပါရှိသည်ဟု သိရသည်။
ထိုသို့အမိန့်ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ဆန့်ကျင်လုပ်ဆောင်ခဲ့သည့် ဟောလီဝုဒ်စားသောက်ဆိုင်ပိုင်ရှင်/တာဝန်ခံဖြစ်သူ ဦးထိန် လင်းအောင်(၄၆)အား အရေးယူပေးရန် မြို့နယ်ထွေအုပ်မှ ဒု-အုပ်ချုပ်ရေးမှူးဦးအောင်ဇော်လင်းက တရားလို ပြုလုပ်၍ ထပ်မံတိုင်ကြားထားသည်ဟု သိရသည်။
ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၃) ၊ အမှတ် (၁)

Add comment

Like Us!

Your Header Sidebar area is currently empty. Hurry up and add some widgets.